ရွာအဝင်ဝရဲ့ ဘယ်ဘက်မှာတော့ မင်္ဂလာသုခကျောင်းဆိုတဲ့ ဘုန်းကြီးကျောင်းရှိတယ်။ အရမ်းသာယာတဲ့ကျောင်းပေါ့။ ပန်းဥယျာဉ်လေးနဲ့ စေတီတချို့တည်ထားတဲ့ မြေကွက်လပ်နဲ့ ကိုရင်လေးတွေကို စာသင်ပေးတဲ့ ကျောင်းဆောင်လေးတွေ၊ ဘုန်းကြီး ဦပဉ္ဇင်းတို့ရဲ့ တရားစာရွတ်ဖတ်သံတွေနဲ့ ကျောင်းဟာ ကျက်သရေရှိလို့နေပါတယ်။ ညာဘက်မှာလည်း ခန့်ညားထည်ဝါတဲ့ ကျောင်းဆောင်ကြီးရှိတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းလည်းရှိတယ်။ ပြောရရင် ရွာဦးကျောင်းတွေပေါ့။ အဲဒီကျောင်းတွေနဲ့ ရွာအဝင်ဝကိုက သိပ်ဂုဏ်ရှိနေပါပြီ။ ရွာတွင်းလမ်းလေးကိုကြည့်မယ်ဆိုရင် အိမ်တချို့ ခြံရံပြီး ဖြောင့်ဖြူးနေပါတယ်။ အိမ်တွေဟာ အိမ်ကြီးအိမ်ကောင်းတွေရော သာမန်စားဝတ်ရေးအတွက် ရုံးကန်နေရတဲ့ အိမ်တွေလည်းရှိပါတယ်။ အများစုကတော့ အေးအေးချမ်းချမ်းနဲ့ နေချင်စဖွယ်ပါပဲ။ ရွာလမ်းမကနေ အနောက်ထဲကိုဆက်သွားရင် ခဏအကြာမှာတော့ ရွာရဲ့ အလယ် အရှေ့၊ အနောက်၊ တောင်၊ မြောက် လမ်းလေးဆုံကိုဆက်ထားတဲ့ ရွာရဲ့ ပင်မ လမ်းဆုံကိုတွေ့ရမှာပဲဖြစ်တယ်။ ကျနော်ကတော့ တောင်ပိုင်းမှာနေခဲ့တယ်။ ကျနော်တို့တောင်ပိုင်းက အတွင်းကျတဲ့အတွက် တခြားဘက်တွေထက်စာရင် ပိုပြီး တိတ်ဆိတ်အေးချမ်းပါတယ်။ လမ်းခြားလေးတွေရှိသလို ထူးထူးခြားခြား ဘုရားပွဲ ဇာတ်ခုံကြီး ပြုလုပ်ရာ မြေကွက်လပ်ကြီးကလည်း ကျနော်တို့ တောင်ပိုင်းမှာပဲရှိတယ်။ အဲဒီမြေကွက်လပ်ကြီးနဲ့ ကျနော်တို့အိမ်ဟာ တစ်အိမ်ကျော်ပဲခြားပါတယ်။ ရွာရဲ့ ကျက်သရေဆောင် "ရေလျှံတော် မြတ်စွာဘုရား" တည်ထားကိုးကွယ်ရာ ကျောင်းဆောင်ကလည်း မြေကွက်လပ်ကြီးရဲ့ အရှေ့တည့်တည့်မှာပဲ မျက်နှာမူထားတယ်။ တောင်ပိုင်းဟာ နေချင်စဖွယ် အဖြစ်ဆုံးပါပဲဗျာ။ ကျနော်အမှတ်ရဆုံးနေရာတွေကတော့ လမ်းဆုံကပ်လျက်က ဦးတရုတ်ကြီး ကုန်ဆုံဆိုင်၊ လက်ဖက်ရည်ဆိုင်ကြီး(နာမည်မသိတော့)၊ မြောက်ပိုင်းရဲ့ ကုန်စုံဆိုင်၊ နှစ်ဆယ် ငါးဆယ်ပေးကြည့်ခဲ့ရတဲ့ ပါဝါရိမ်းဂျားကားသာ ပြတဲ့ ဗီဒီယိုရုံ၊ ရေခဲသုပ်ဆိုင် ပြီးတော့ အုတ်ရေအိုးစင်အဟောင်းကြီးကို သူ့ရဲ့ စံမြန်းရာဘုံကြီးအလား ထင်မှတ်ရှာတဲ့ အရူးကြီး နောင်ပုနောင် သူလည်းအခုထိကျန်းမာဆဲ၊ နေ့တိုင်း ထမင်းဟင်း အိမ်ပေါက်စေ့လိုက်တောင်းဆဲ၊ ရွာရဲ့သနား ဂရုဏာနဲ့အတူ ကျန်းမာဆဲ အိုဗျာ အများဆိုအများကြီး။ သူတို့တွေဟာ ကျနော့်ဘဝနဲ့ အမြဲလိုလို ပတ်သက်ခဲ့ရတဲ့သူတွေ။ ကျနော်မမေ့နိုင်ဘူး။ ရွာရဲ့ လွမ်းစရာအဖြစ်တွေကလည်း ဘယ်တော့မှဆုံးမှာမဟုတ်ဘူး။ ကျနော့်မှာ အမှတ်တရတွေ အကုန်ရှိတယ်...
No comments:
Post a Comment